အခန်းဆက်ဇာတ်နာ
by Aung Lin

ကတ်ကိုဘိန်းကိုမသိဘူး

ချီဂွေဗားရားကိုမသိဘူး

ယန်းပေါဆတ်ကိုမသိဘူး

သူတို့သိတာ

ရေသန့်ဗူးလေးတွေ

အောက်ကို ကျလာဖို့

ဝက်ခြံသာသာ မြေစိုက်တဲလေးမှာ

အ၀တ်မဲ့ကလေးငယ်များ

သူတို့ရဲ့ လူငယ်ဘ၀ သုခတွေ/မျှော်လင့်ချက်တွေ ဘယ်မှာလဲ

ငါးမျှားတံကိုင်ထားတဲ့ အရောင်းအဆင်းမဲ့ယောက်ျားများ

ဆီဝေးဆံပင်ခြောက်ယောင်းယောင်းနဲ့မိန်းမများ

လောကဓံရိုက်ချက်ကြောင့် တင်းမာကိုက်ခဲလာတဲ့

သူတို့ရဲ့ စိတ်အညောင်းတွေကို

ဘယ်လိုဖြေမှာလဲ..

အိုဗာတင်းရဲ့အဝေး...

စည်ဘီယာရဲ့အဝေး

ပွဲတော်ရဲ့အဝေးမှာ

အချိန်မရလို့

သံယောဇဉ်ကိုပွတ်သီကပ်သီလုပ်ပြီး

အလွမ်းအဆွေးကို မဖွဲ့နွဲ့အားဘူး

မျက်ရည်တွေဘယ်ကရတာလည်း

ငိုနေလိုက်ကြတာ

“ရေသန့်ဗူးလေးတွေချပေးပါ” သီချင်းကို

ဘယ်သူရေးဖွဲ့ခဲ့တာလည်း

အဲ့တာ သူတို့ရင်ထဲက

ကိုယ်ပိုင်သံစဉ်...

သူတို့မနေ့က ထမင်းကို မနေ့ကဟင်းနဲ့

မနေ့က စိတ်ညစ်ညူးမှုနဲ့စားနေချိန်

အသားနီစပ် ဂုတ်ပိုးနှစ်ထပ်နဲ့လူကြီးဟာ

လမ်းလျှောက်သမားဂျော်နီပုလင်း အသစ်ကိုဖွင့်ပြီး

စင်ပေါ်မှာ သီချင်းအဟောင်းဆိုနေတဲ့

ကောင်မလေး အသစ်တစ်ယောက်ကို

ပန်းကုံသရဖူတွေ ဆုချလိုက်တယ်

ဆိုးတစ်ခါ...ပြီး

ကောင်းတစ်လှည့် ပြန်မလာတော့တဲ့

သူတို့ ကံကြမ္မာ

တကယ့်အဖြစ်အပျက်မှာ

ဒီနေ့ဘ၀တွေဟာ

အပျော်ဖတ် ၀တ္ထုတွေထဲကလို

ဈေးကွက်ဝင် ခပ်ညံ့ညံ့ ဟာသ ရုပ်ရှင်တွေလို

ပြေလည်လို့မလွယ်ဘူး

အဲ့ဒါကို

ဧရာဝတီကသိတယ်....။

                                                    မာန်သီ



Leave a Reply.